လူငယ်နဲ့ အိမ်ထောင်ရေးထဲမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်သလား ..
နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ...
ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ.. ရင်ထဲက နှလုံးသားကို လုံးဝမျက်ကွယ်ပြုသင့်ပါသလား ...

လူတိုင်းမှာ အချစ်စိတ်ရှိတယ်...
လူ ရယ်လို့ ဖြစ်လာရင် ချစ်စိတ်ဆိုတာရှိနေမှာပဲ... ငယ်စဉ် ကလေးဘ၀ကတော့ အဖေနဲ့ အမေပေါ့ ...
နည်းနည်း အရွယ် ရလာတော့ သူငယ်ချင်း ... ၅၂၈ အချစ်...  လူပျိုပေါက် အပျိုပေါက်ဖြစ်လာတော့  ချစ်သူ..
၁၅၀၀ အချစ် ...  အဲဒီ  ချစ်တဲ့စိတ်ဆိုတာကလည်း သင်တန်း တက်စရာ မလိုဘူး.. သင်ယူစရာ မလိုပြန်ဘူးလေ.. 
စောစောချစ်တာ နဲ့  နောက်ကျမှ ချစ်တာ  ဒါဘဲ ကွာပါလိမ့်မယ်..   ချစ်စိတ်ကတော့ ပေါ်မိ  မှာ  အသေအချာပဲ ..  
ဒီနေရာမှာ အချစ် မှာ မျက်စိ မရှိဘူး ဆိုကြတယ်..  မှန်ပါတယ်....ဒါပေမယ့် ဦးနှောက်ကတော့ မျက်စိရှိရပါမယ်...
ငယ်ငယ်ရွယ်ရွယ် နဲ့ ပညာသင်ရမယ့်အချိန်မှာ အချစ်စိတ်ကို အလိုမလိုက်မိဘို့.. မသာယာမိဘို့ လိုပါလိမ့်မယ်...

စန်းပွင့်လာပြီဆိုရင် သတိထား..
ဘာဖြစ်လို့လဲဆိုတော့  အချစ်စိတ်ဆိုတာ.. သွားလည်း ဒီစိတ်.. စားလည်း ဒီစိတ်..  အိပ်လည်း ဒီစိတ်.. စားမ၀င် ..
အိပ်မပျော် .. ဘာညာ ဘာညာ နဲ့ .. ခံစားချက် ပြင်းပြတတ်လို့ပါ..  ဒီကနေ့ လူငယ်တွေ  သတိထားစေချင်လို့ပါ..
ရုပ်ချောပါတယ်ဆိုတဲ့ ကောင်မလေးတွေ .. အပြောအဆိုမှာ တီတီတာတာ နဲ့ ချွဲချွဲနွဲ့နွဲ့ ပြောတတ်တဲ့ ကောင်မလေး
တွေ.. ပေါ်ပြူလာ ဖြစ်လာပြီ.. ရေပန်းစားလာပြီ ... စန်းပွင့်လာပြီ ဆိုရင် သတိသာ ထားကြပေတော့ ..
နောက်ဆက်တွဲ ပြဿနာက ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ကျသွားနိုင်လို့ပါ...

အလေးထားပြီး စဉ်းစား..
တကယ်ပါ..ဒီကနေ့ လူငယ်တွေ ဖြစ်နေကြတာက .. ဘယ်ကမှန်းမသိ.. ဘယ်သူမှန်း မသိ.. မြင်မြင်ချင်းပဲ ...
ချစ်မိ..ကြိုက်မိ.. ပြီးတော့ ညားပါလေရော.. ဘယ်သူမှန်း မသိဘူး .. ဘယ်ကမှန်း မသိဘူး .. သူ့ဗီဇက ဘာလဲ
မသိဘူး.. သူ့မျိုးရိုးလည်း မသိဘူး .. ပြီးတော့မှ သူ့ အဖေ နဲ့ မတည့် .. သူ့ အမေနဲ့ မတည့် .. ညီအစ်ကို မောင်
နှစ်မတွေ တစ်ထွေးကြီးနဲ့ ..  အဲဒီကျတော့မှ မျက်ရည်လေး စမ်းစမ်းနဲ့  ပေါင်းရ ခက် .. မပေါင်းရမှာ ခက် ..
ယက်ကန် ယက်ကန်နဲ့ .. အိမ်ထောင်သည်ဘ၀ ..မိသားစုဘ၀ကို ဖြတ်သန်းရပါလေရော ...
ဆိုလိုချင်တာက အိမ်ထောင်ပြုမယ်ဆိုရင် ပေါ့ပေါ့တန်တန် မစဉ်းစား မဆင်ချင်ပဲနဲ့  အချစ်စိတ်တစ်ခုတည်း နဲ့
အိမ်ထာင်ပြုမိမှာကို စိုးရွံ့မိတာပါ ..အလေးထားပြီး အသေအချာ စဉ်းစားစေချင်လို့ပါ....

ထမီဝယ်သလိုရွေး...
ဒီနေရာမှာ တစ်ချို့ ကောင်မလေးတွေ အိမ်ထောင်ပြုတာကို ထမီဝယ်သလို မရွေးဘူးလို့ ဆိုလိုက်ချင်တော့တာပါပဲ..
တကယ်တန်းဆို မိန်းကလေးတစ်ယောက်ရဲ့ ပညာက နည်းတဲ့ ပညာမဟုတ်ဘူး .. မိန်းကလေးတွေ ထမီဝယ်မယ်
ဆိုရင် တစ်ဈေးကုန်းလုံးကို ပတ်ကြည့်ပြီး  စိတ်တိုင်းကျပြီ..စိတ်ကြိုက်ဖြစ်ပြီ ဆိုမှ ၀ယ်တတ်ကြတာ သဘာဝပါ ....
ဒါတောင် .. ဆိုဈေးအသားကုန် ဆစ်ပြီး တန်တယ် ထင်မှ ၀ယ်တတ်ကြတာ ..  ကိုယ်ဝယ်မယ့်  ထမီစကို   သေချာ
ကိုင်ကြည့်လိုက် .. ပွတ်ကြည့်လိုက်.. အသားကောင်း မကောင်း စမ်းကြည့်လိုက် နဲ့  ဒါတင်မဟုတ်သေးဘူးနော် ...
အိမ်မှာ ကျန်ခဲ့တဲ့ အကျီ ဘယ်နှစ်ထည်နဲ့ ၀တ်လို့ ရမလဲ..   ဒီအဆင်မျိုး  အိမ်မှာ ရှိပြီးသားလား..   ဆင်တူရိုးမှား
အဆင်မျိုးဆိုရင် မလိုချင်ဘူး.     အိမ်မှာ မရှိတဲ့ အဆင်မျိုးမှ ..   ဒါမှ  ကွဲကွဲ  ပြားပြား  ၀တ်လို့ ရမှာလေ...
အသေးစိတ် ဒီလို တွက်ပြီးမှ ၀ယ်တတ်ကြတာပါ ..  ဒါကြောင့် .. အိမ်ထောင်ပြုမယ်လို့  စိတ်ပိုင်းဖြတ်ထားရင်
ထမီဝယ်သလို အသေအချာ ရွေးစေချင်တာပါပဲ..

အိမ်ထောင်ပြုမယ်ဆိုရင်...
အထူးသဖြင့်ကတော့ မိန်းကလေးတွေပါ .. သူဘယ်လို လူလဲ .. သူစိတ်ဓာတ် .. သူ့စရိုက်.. သူ့သဘောထား..
သူ့ဗီဇ .. အားလုံးကို ထည့်သွင်းစဉ်းစားရမှာနော်.. သူနဲ့က တစ်လမ်းလုံး ..တစ်ဘ၀လုံးကို သွားရမှာလေ....
မိန်းကလေးတွေတင် မဟုတ်ပါဘူး.. ယောက်ျားလေးတွေကကော .. အိမ်ထောင်ပြုတယ်ဆိုတာ ဘ၀မှာ အရေး
ကြီးဆုံး ကိစ္စတွေထဲက တစ်ခုကို လုပ်ရတာပါပဲ..ဘ၀ရဲ့ အရေးကြီးဆုံးကိစ္စကို လုပ်လိုက်ရတာ...
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကုန်းရုန်း ထမ်းပိုးပြီး ကျွေးရဦးမှာ..
ကိုယ့်မျိုးဆက် ကောင်းအောင် လုပ်ရဦးမှာလေ..

မျိုးဆက်ဆိုလို့ ဆရာကြီး ဦးအေးမောင် ရေးတဲ့ ဖိုမသဘာဝနှင့် ဗီဇပတ်ဝန်းကျင်ကို ဖတ်စေချင်တာပါပဲ...
အဲဒီထဲမှာ ဘာပြောထားသလဲဆိုရင် အိမ်ထောင်ကျပြီးရင် ဒီအတိုင်းနေမှာ မဟုတ်ဘူး သား သမီးတွေ ရဦးမှာပဲ.
သူ ဥပမာပေးထားတာက .. စိတ်ရောဂါ ဖြစ်တဲ့ မျိုးဆက်ရှိတဲ့လူ .. သူတို့မှာရှိတဲ့ ငုပ်ဗီဇ..
သူ့မှာ ဘာမှမဖြစ်ပေမယ့်.... နောက်မျိုးဆက် နှစ်ဆက်လောက်ကြာမှ ပြန်ပေါ်တတ်တာမျိုးပါ ..

တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ်နဲ့ ကိုယ်မိန်းမနဲ့တင် ပြီးပြတ်သွားတာ မဟုတ်ဘူး..
နောက်ထပ်မျိုးဆက်သစ်က လာဦးမှာလေ..  အဲဒီ မျိုးဆက်သစ်ကို တိုးတက်ရစ်ဖို့ မဟုတ်ပဲ မျိုးဆက်သစ်က
ဒုက္ခရောက်မှာ စိုးလို့... ဆရာဝန်များနဲ့တောင် ညှိနှိုင်းတိုင်ပင်သင့်တယ်လို့ အကြံပြုထားတယ်ဗျာ...
ဆိုလိုချင်တာက မျိုးဆက်ထိအောင် လှမ်းကြည့်စေချင်တာပါ ...

ဒီကနေ့ လူငယ်တွေအနေနဲ့ ပညာမစုံခင်ခင်မှာ ကြင်ရာ မရှာစေချင်ပါဘူး ..
ရှေ့ရေးကို ကြိုတင် ပြင်ဆင် အလေးအနက် စဉ်းစားပြီး မှ အိမ်ထောင်ပြုစေချင်တာပါပဲ..
အိမ်ထောင်ဘက်ရွေးတော့လဲ အချစ်ကနေ တဆင့်တက်ရမှာ ..
အိမ်ထောင်ဘက် ရွေးတော့မယ် ..ရွေးလိုက်ပြီ.ဆိုပြန်တော့လဲ ..
အချစ်က တခြား .. အိမ်ထောင်ဘက်က တခြား ...ဖြစ်တတ်တဲ့ သဘာဝ ....
ဒါနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးအောင်သင်းနဲ့ အမေး အဖြေလုပ်ထားတာလေး သိမှတ်စေချင်ပါတယ်...

မေးခွန်း- လူငယ်နဲ့ အိမ်ထောင်ရေးထဲမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်သလား ..
            နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ
            ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ.. ရင်ထဲက နှလုံးသားကို လုံးဝမျက်ကွယ်ပြုသင့်ပါသလား ...
အဖြေ...
           လူငယ်နဲ့ အိမ်ထောင်ရေးမှာ အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ ခိုင်မြဲနိုင်ပါ့မလားတဲ့ ...
အဲဒီဥစ္စာ သိပ်ရှုပ်တဲ့ ပြဿနာ.. အချစ်မပါတဲ့ အိမ်ထောင်တစ်ခုဟာ မခိုင်နိုင်ဘူး၊ သိတယ်။ ဒါပေမယ့် မချစ်ဘဲနဲ့
ပြုပြီးတော့ နောက်တော့ ချစ်သွားတာတွေလည်း မရှိဘူးလား၊ ဒါတွေလည်း ရှိသေးသကိုး။  ပထမတုန်းကတော့
မချစ်ဘူးပေါ့၊  နောက်ကျတော့မှ ချစ်လို့ ပါးစပ်ထဲတောင်  ငုံထားချင်သေးတာ၊ ရှူရှူပေါက်ချမှာစိုးလို့  ဆိုတာမျိုး။
ဒါကြောင့်မို့ အချစ်မပါတဲ့ အိမ်ထောင်ရေးသည် မခိုင်မြဲနိုင်။ သို့သော် တကယ် အိမ်ထောင်ပြုပြီးပြီဆိုမှ အချစ်ပါတဲ့
အိမ်ထောင်ရေးတွေလည်း ဖြစ်လာတတ်ပါတယ်..
နောက်ပြီးတော့ တစ်ဘက်ကလည်း ချစ်အောင် လုပ်လို့ရှိရင်လည်း ချစ်လာတတ်ပါတယ်။
မချစ်ရင်တောင် သံယောဇဉ်ရှိလာတတ်ပါတယ်။ ဟုတ်လား..။
ကျွန်တော် မင်္ဂလာစကားပြောလို့ရှိရင် ထည့်ပြောလေ့ရှိတယ်။ လင်ယောက်ျားဖြစ်သူက အမြဲတမ်း လူပျိုလှည့်
နေရတယ်။ ကိုယ့် မယားဖြစ်သူက သူဒါမျိုးကြိုက်တယ်။ ဘယ်သူရေ ဘယ်ဝါရေ မင်းအတွက်တော့ ၀ယ်လာတယ်။
မင်း ဆီချက်လေး ကြိုက်တတ်တယ်။ ဘယ်နားကဆိုင်က မင်းကြိုက်တဲ့ဆိုင် မဟုတ်လား။
ဒီတော့ တစ်ဘက်က ကျေးဇူးတင်တယ်။ ဒါ လူပျိုလှည့်တုန်းကလို ပိုးပန်းပြီး လူပျိုလှည့်နေတာ။

မိန်းမလုပ်တဲ့လူကိုတော့ ကျွန်တော် အကြံဥာဏ်ပေးတယ်။
" လင်ယောက်ျားတို့၏ အသည်းနှလုံးသို့ သွားရာ လမ်းကြောင်းသည်ကား အစာအိမ်မှ တစ်ဆင့်တည်း"  လို့ ။ 
တစ်နေ့ တစ်နေ့မှာ  မလုပ်လို့ရှိရင် မဖြစ်တာက  ထမင်းစားတာ။  ထမင်းစားဖို့ အတွက်က စားကောင်းလို့ရှိရင်
သူ့မိန်းမက ဟင်းချက် လက်ရာကောင်းလို့ရှိရင် အပြင်မှာ ထမင်းမစားတော့ဘူး။ အိမ်က ထမင်းဟင်းစားလိုက်
ရမှ ကျေနပ်တယ်. အဲဒီကောင်ဟာ အပြင်ထွက်စားဖို့ မလွယ်တော့ဘူး။ ဒီတော့ ခိုင်သွားရော။
လင်ဖြစ်တဲ့သူဟာ အိမ်မှာ စားမကောင်းလို့ အပြင်ထွက်စားရတာများလာပြီဆိုရင် လင်ယောက်ျားရဲ့
ခြေတစ်ဘက်ဆုံးပြီ အောက်မေ့ပါ။   ဒါကြောင့်မို့  မိန်းမဖြစ်တဲ့သူကလည်း အစာအိမ်မှတဆင့် အသည်းနှလုံးကို
သွားတတ်ရင် ဟုတ်လား ထမင်းကနေတစ်ဆင့် ချစ်ချင်ချစ်လာတာ ...
ဟင်းချက်တာသည် အတတ်ပညာ..ဟင်းစပ်သည်က အနုပညာ .. ကောင်မလေးတွေ မှတ်ထား ..
ချဉ်ပေါင်ဟင်းရယ်..သံပရာသီးသုပ်ရယ် စသည်ဖြင့် လျှောက်လုပ်မနေနဲ့အုံး..
ဟင်းချက်တာရော ..ဟင်းစပ်တာရော နှစ်ခုကောင်းလုပ်ရမှာ..
ဖွယ်ဖွယ်ရာရာ  မြိုင်မြိုင်ဆိုင်ဆိုင် မလုပ်နိုင်ရင် ထည်ထည်ဝါ၀ါလုပ်ထား။ ဟင်းပြင်တာလေးကအစ ...
တကယ်လို့ ဖွယ်ဖွယ်ရာရာ မလုပ်နိုင်လို့ အခြေအနေဆိုးနေရင် ချိုချိုသာသာ လုပ် ...
" မောင် စားနော်..ဒီနေ့ မောင့်ကို အားနာလိုက်တာ .." . ဟိုကလည်း " ရပါတယ်ကွာ တစ်ခါတလေပဲ ..."
" ကဲ ကိုယ်အ၀ှာ ကြောင်အိမ်ထဲမှာ တော့်ဘာသာတော်ယူစားပေတော့၊
  ကျုပ်ကတော့ ခဏ အိမ်လယ်သွားလိုက်ဦးမယ် " ဆိုလို့ရှိရင်တော့  မဟုတ်သေးဘူး ...

နောက်တစ်ခုက ...
နှလုံးသားခံစားကြည့်မှ အသိတစ်ခုကို ရပါသလား..
ခံစားမှု မရှိဘဲ သိတဲ့ အသိနဲ့ ခံစားမှုရှိတဲ့ အသိ.... ဘ၀မှာ ဘယ်ဟာက ပိုခိုင်မြဲပါသလဲ..တဲ့...
ဦးနှောက်ကလည်းသိတယ်..ဒါကို လက်ခံတယ်..နှလုံးသားကလည်း လက်ခံတယ်.. အဲဒါ သိပ်ခက်တယ်..
တစ်နေ့ သေမယ်ဆိုတာ သိတယ်.. ဒါကို အားလုံးသိကြတယ်။
ခံစားပြီးသိတဲ့အခါကျတော့ သိဒ္ဓတ္ထမင်းသား သူသေကို တွေ့တဲ့အခါမှာကျတော့ သိတဲ့ အသိမျိုး၊
မိဘတို့မည်သည်မှာ သား သမီးတို့ကို ချစ်တယ်ဆိုတာ သိတယ်။ ကိုယ်လည်း မသိဘူးလား၊ သိတယ်။
ဒါကို ကိုယ်မရဘူးလား.. ဒါကို ကိုယ်လည်းရတယ်။ ဒါပေမယ့် အဇာတသတ် သူကိုယ်တိုင် သားယောက်ျားလေး
ရတဲ့အခါကျတော့ သိတဲ့ အသိနဲ့ တူသလား။ အဲတော့ ဦးနှောက်ကလည်းသိတယ်။ မှန်တယ်၊ ယုံတယ်၊ နှလုံးသား
ကလည်း လက်ခံတယ်ဆိုလို့ရှိရင် အဲဒီအသိ သိပ်ခိုင်တယ်။ အသက်စွန့်တယ်ဆိုတာ အဲဒီ အသိမျိုးပဲ။
သတ္တိလည်း ရှိမယ်ဆိုရင်ပေါ့ ။ အသက်စွန့်တယ်၊ သတ္တိလည်းပါသေးသကိုး။

ရင်ထဲက နှလုံးသားကို မျက်ကွယ်ပြုသင့်ပါသလား....
အမယ်လေး မျက်ကွယ်မပြုနဲ့.. မျက်ကွယ်ပြုလို့ကို မရတာ ။ ဟိုကောင်မလေးတစ်ယောက် လှလိုက်တာဟာ
ရင်ထဲက နှလုံးသားထဲကလာတာ မဟုတ်လို့ ဘာတုံး၊ ဟုတ်လား ။  ချစ်တယ်ဆိုတာ  ဦးနှောက်နဲ့  ဆိုင်တာ
မဟုတ်ဘူး ။  ဒါဖြင့် ချစ်တယ်ဆိုတာ မရှိဘူးလား၊  ဟုတ်တယ် ၊ အဏုမြူဆိုတာ အဟုတ်ရှိတယ်၊ တကယ်
ရှိတယ်ဆိုတာ မှန်သလို  သိပ္ပံနည်းအရလည်း မှန်သလို ချစ်တယ်ဆိုတာလည်း တကယ်ရှိတယ် ။ မုန်းတယ်
ဆိုတာလည်း တကယ်ရှိတယ်။ ဒါ ဘယ်နှယ့်လုပ်ပြီး မျက်ကွယ်ပြုရမှာလဲ။ ပုထုဇဉ်မှာ မျက်ကွယ်ပြုဖို့ မပြောနဲ့
သူ့ချည်း လာလာပေးလို့ ဒုက္ခရောက်နေရတယ်....။

ကြည်နူးချမ်းမြေ့ သာယာ ပျော်မွေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခု ...
မျိုးဆက်တစ်ခု တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုလျှက် .....

လေးစားစွာဖြင့်...
စာကိုး-ဆရာဦးအောင်သင်း(အမွေ)

Comments

Popular Posts