"ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း"

ဝါဆိုဖို့ရန်၊ ခွင့်ပြုဟန်နှင့်၊ နှစ်တန်နှစ်မျိုး၊ ဝါဆိုရိုး၊ ဘုန်းမိုးဘယ်သို့မိန့်သနည်း"

"ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း"

တစ်ရံရောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား ဝါဆိုဝါကပ်ကို ပညတ် တော်မမူသေးသောကြောင့် ရဟန်းတို့သည် ဆောင်း နွေ မိုးဥတုသုံးပါးလုံး ဒေသစာရီ လှည့်လည်ကြကုန်၏။

လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။

ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌ ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။

ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

- ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။

- ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်။

- ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်။

ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

{ဝိနယပိဋက၊ မဟာဝဂ္ဂပါဠိတော်၊ ဝဿူပနာယိကက္ခန္ဓက၊ ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း}

Popular Posts