"ထိတ်လန့်ပျောက်ချင်၊ မြတ်ဗောဇ္ဈင်၊ တွင်တွင်ပွါးကြရာ"

တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် သုဗြဟ္မနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ -
''မဖြစ်ကုန်သေးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း၊ ထို့ပြင် ဖြစ်ကုန်ပြီးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း (အကျွန်ုပ်၏) ဤစိတ်သည် အမြဲထိတ်၏၊ ဤစိတ် သည် အမြဲလန့်၏၊ မထိတ်လန့်ကြောင်း အကယ်၍ ရှိသည် ဖြစ်အံ့၊ ထိုမထိတ်လန့်ခြင်းကို မေးအပ်သောအသျှင်ဘုရားသည် တရားဟောကြားပါလော့''ဟု (လျှောက်၏)။
- ဗောဇ္ဈင်တရား ပွားများခြင်းကိုလည်းကောင်း၊ ခြိုးခြံသော အကျင့်ဂုဏ်ကိုလည်းကောင်း ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။
- ဣနြေ္ဒတို့ကို စောင့်စည်းခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။
- အလုံးစုံ ငြိတွယ်ခြင်းကင်းသော နိဗ္ဗာန်ကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်ဟု (မိန့်တော်မူ၏)။
ဤစကားကို မိန့်တော်မူ၏။ပ။ နတ်သားသည် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် လေ၏။
{သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်၊ ဒေဝပုတ္တသံယုတ်၊ အနာထပိဏ္ဍိကဝဂ်၊ သုဗြဟ္မသုတ်}
........................................
{အဋ္ဌကထာလာ သုဗြဟ္မနတ်သားဝတ္ထု အကျဉ်း}
သုဗြဟ္မနတ်သား၌ အခြံအရံနတ်သမီးတစ်ထောင်ရှိသည်။ တစ်နေ့ ဥယျာဉ်သို့သွားရောက်ကြပြီး ပျော်ရွှင်နေကြစဉ် နတ်သမီးငါးရာသည် ပန်းခူးရင်းပင် နတ်ပြည်မှ စုတေပြီး ဘ၀ဟောင်းက အကုသိုလ်ကံကြောင့် ငရဲသို့ ကျခဲ့ရသည်။
သုဗြဟ္မနတ်သားသည် ထိုအဖြစ်ကို မြင်ပြီး သူ၏ နောင်ရေးကို ဆင်ခြင်ကြည့်ရာ ယနေ့မှ ခုနှစ်ရက်လွန်လျှင် သူနှင့်တကွ ကျန်သောနတ်သမီး ငါးရာတို့သည်လည်း နတ်သက်ကြွေ စုတေကွယ်လွန်ပြီး ထိုငရဲ၌ပင် ကျရောက်ရမည် ဖြစ်ကြောင်းကို တွေ့မြင်လိုက်ရသည်။ သေရမည့်ဘေး ငရဲဘေးကို မြင်လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်စိုးရွံ့သွားရှာသော ထိုနတ်သားသည် မြတ်စွာဘုရားထံမှောက် ရောက်ရှိသွားကာ-
"မဖြစ်ကုန်သေးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း၊ ထို့ပြင် ဖြစ်ကုန်ပြီးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း (အကျွန်ုပ်၏) ဤစိတ်သည် အမြဲထိတ်၏၊ ဤစိတ် သည် အမြဲလန့်၏၊ မထိတ်လန့်ကြောင်း အကယ်၍ ရှိသည် ဖြစ်အံ့၊ ထိုမထိတ်လန့်ခြင်းကို မေးအပ်သောအသျှင်ဘုရားသည် တရားဟောကြားပါလော့''ဟု တောင်းပန်လျှောက်ထားသည်။
ဘုရားရှင်က နတ်သားအား
“နာညတြ ဗောဇ္ဈာတပသာ။ နာညတြိန္ဒြိယသံဝရာ။
နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ။” ဟူသော ပစ္စုပ္ပန်သံသရာ ချမ်းသာကြောင်း ဂါထာကို ဟောကြားတော်မူခဲ့သည်။
ဂါထာ၏ အဓိပ္ပါယ်မှာ..
- နတ်သား၊ ဗောဇ္ဈင်တရား ပွားများခြင်းကိုလည်းကောင်း၊ ခြိုးခြံသော အကျင့်ဂုဏ် (တပဂုဏ်) ကိုလည်းကောင်း ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။
- ဣနြေ္ဒတို့ကို စောင့်စည်းခြင်း (ဣန္ဒြိယသံဝရ) ကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။
- အလုံးစုံ ငြိတွယ်ခြင်းကင်းသော နိဗ္ဗာန်ကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်ဟု
သုဗြဟ္မာနတ်သားသည် ဒေသနာတော်ကို ကြားနာရပြီးသည့် အဆုံး၌ သောတာပန်အရိယာ ဖြစ်သွား၍ အပါယ် ငရဲဘေးမှ ကင်းဝေးကာ စိုးရိမ်ကင်းပျောက် ချမ်းသာရောက်ခဲ့ရသည်။